ဂျူးဘာသာနှင့် ဂျေရုစလင်မ်၊ အစ္စရေးတို့တောလည်ခြင်း၊ ၎င်းတို့၏ရွှေရောင်ခေတ်၊ ဂျေရုစလင်မ်နှစ်ကြိမ်ဖျက်ခံရခြင်း
ချီးမွမ်းခြင်းအပေါင်းတို့သည်စကြာဝဠာလောကခပ်သိမ်းအားပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ် အတွက်သာဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြနဗီ တမန်တော်အပေါင်းနှင့် နောက်ဆုံး တမန်တော်ချုပ်မုဟမ္မဒ်သခင်(ဆွ)အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာ သက်ရောက်ပါစေ။
ညီနောင်၊ ညီအစ်မအပေါင်းတို့ခင်ဗျား-
အတ်စ္စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသုလ်လါဟိ၊ ၀ဗရကါးသုဟ်။ ဒီအပတ်မှာကျွန်တော့်အနေနဲ့ "ဂျေရုစလင်မ်" ဆိုတဲ့ခေါင်းစဉ် ကို တင်ပြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ''တမန်တော်မြတ်၏ညဥ့်ခရီးနှင့် မိအ်ရာဂ်ျအနှစ်သာရ''ဆိုတဲ့ ခေါင်းစဉ်တင်ပြခဲ့
တုံးက ကမ္ဘာ့မွတ်စလင်မ်ထုအနေနဲ့ ဂျေရုစလင်မ်မြို့မှာရှိတဲ့အတ်ကဆွါဝတ်ကျောင်းတော်ကို အချစ်ထားကြရမယ့်အကြောင်း တင်ပြခဲ့ပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တမန်တော်ချုပ် မုဟမ္မဒ်(ဆွ)က မက္ကဟ်မြို့မှာရှိတဲ့ ကအ်ဗဟ်ဝတ်ကျောင်းတော်နဲ့
မဒီနဟ်မြို့မှာရှိတဲ့ တမန်တော်မြတ်(ဆွ)ရဲ့ဝတ်ကျောင်းတော်ပြီးရင် ဂျေရုစလင်မ်မြို့မှာရှိတဲ့ အတ်ကဆွါဝတ်ကျောင်းတော်ဟာ
ဝိညာဉ်ပိုင်းဆိုင်ရာအရ မွတ်စလင်မ်တွေအတွက် တတိယအမြတ်ဆုံးဖြစ်တယ်လို့ လမ်းညွှန်ထားပါတယ်။
ဒီအပြင်အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကလည်း ''ငါအရှင်မြတ်သည် ယင်း(အတ် ကဆွါ)ကျောင်းတော်၏၀န်းကျင်ကို ကောင်းချီးမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေတော်မူ၏''လို့ ကုရ်အာန်(၁၇း၁)မှာလည်း တမန်တော်မြတ်ရဲ့ညဥ့်ခရီးနဲ့ မိအ်ရာဂ်ျခရီးနဲ့ ဆက်နွယ်ပြီးဖေါ်ပြထား ပါတယ်။ ဒီအပြင် မွတ်စလင်မ်တို့ ဆွလာသ်ဝတ်ပြုတည်ဆောက်တဲ့အခါမှာ မျက်နှာမူခဲ့တဲ့ ပထမ ကိဗ်လဟ်လည်းဖြစ်ခဲ့ပါတယ်။ (ကုရ်အာန် ၂း၁၄၄) ဒါကြောင့် အတ်ကဆွာဝတ်ကျောင်းတော်နဲ့ ဂျေရုစလင်မ်မြို့အကြောင်း မွတ်စလင်မ်တွေသိဖို့လိုအပ်ပါတယ်။ ဒီအပြင် မွတ်စလင်မ်တွေသာမကာ ဒီခေတ်မှာ ကမ္ဘာ့လူသားတွေအနေနဲ့လည်း ဒီအကြောင်းတွေကို အရှိအတိုင်းမှန်ကန်စွာ သိရှိနေဖို့လိုအပ်နေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ကမ္ဘာ့ငြိမ်းချမ်းရေးပြဿနာမှာ ဂျေရုစလင်မ်မြို့နဲ့ ပါလက်စတိုင်း-အစ္စရေးပြဿနာက အဓိကပါဝင် နေလို့ပါဘဲ။ ပါလက်စတိုင်းလို့ဆိုလိုက်တာနဲ့ လူအတော်များများက မွတ်စလင်မ်တွေရဲ့ပြဿနာလို့မှတ်ယူနေကြပါတယ်။
တကယ်တော့ပါလက်စတိုင်းလူမျိုးထဲမှာ မွတ်စလင်မ်ရော၊ ခရစ်ယာန်ပါ ပါဝင်နေပါတယ်။ အစ္စရေးလူမျိုးကတော့ ဂျူး ဘာသာဝင် တွေဖြစ်ကြပါတယ်။ ဒီအပြင် မွတ်စလင်မ်တွေရော၊ ခရစ်ယာန်တွေရော၊ ဂျူးတွေပါ တစ်ဆူတည်းသော
အနှိုင်းမဲ့ကိုးကွယ်ရာအရှင်ကို ကိုးကွယ်ကြသူတွေဖြစ်ကြပါတယ်။
ထိုအရှင်မြတ်ထုတ်ပြန်ပို့ချခဲ့တဲ့ ခေတ်အလိုက်ကျမ်းစာအသီးသီးကို လက်ခံကျင့်သုံးသူများဖြစ်ကြပါတယ်။ ဒါပေမယ့်၏
သက်ဆိုင်ရာခေတ်အသီးသီးမှာ နိုင်ငံရေးနဲ့ လူမှု-စီးပွားရေးပယောဂများကြောင့်ခံယူချက်များကွဲပြား သွားရခြင်းသာဖြစ်ပါတယ်။ ဒါကြောင့်အဖြစ်မှန်ကိုအရှိအတိုင်းသိဖို့ လိုအပ်ပါတယ်။
တမန်တော်ကြီး အိဗ်ရာဟီမ် (Ibrahim)
ကမ္ဘာဂြိုဟ်မှာပထမဆုံး လူသားနဗီတမန်တော် အာဒမ်ဟာ မက္ကဟ်မြို့ကို ဗဟိုပြုပြီးပေါ်ထွန်းခဲ့တယ်။ ကမ္ဘာဦးဝတ် ကျောင်းတော် ကအ်ဗဟ်ကိုတည်ဆောက်ခဲ့တယ်။ အဲဒီနောက် တမန်တော်နူးဟ်ခေတ်ကိုရောက်လာခဲ့တယ်။
ဒါပေမယ့် အဲဒီခေတ်ကလူတွေဟာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်နဲ့ ထိုအရှင်ရဲ့ စေတမန် နူးဟ်ကို ဆန့်ကျင်ရုံသာမက အလွန်ဆိုးဝါးတဲ့ပြစ်မှုတွေကြောင့် ရေလွှမ်းမိုးမှုပြစ်ဒဏ်နဲ့ ကြုံတွေ့ခဲ့ကြရတယ်။ အဲဒီနောက် ဘေဘီလုံးခေတ် (ယခုခေတ်အီ ရတ်) အုရ်(Ur) ဆိုတဲ့ဒေသမှာ တမန်တော်ကြီးအီဗ်ရာဟင်မ်ပေါ်ထွန်းခဲ့ပါတယ်။အနှိုင်းမဲ့ကိုးကွယ်ရာအရှင်ရဲ့ လမ်းညွှန်ချက် အရ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဟောပြောပြသခဲ့ပေမဲ့ သူ့ရဲ့ဖခင်နဲ့ ဘုရင်အပါအ၀င် ပတ်ဝန်းကျင်ရဲ့ဆန့်ကျင်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့အနှိုင်းမဲ့ကိုးကွယ်ရာအရှင်က မိမိရဲ့စေတမန် အိဗ်ရာဟင်မ်နဲ့ တူတော်မောင်ဖြစ်တဲ့ တမန်တော်လူးသ်ွ(Lot)တို့ကို မြတ်သောနယ်မြေသို့ ရွှေ့ပြောင်းစေခဲ့ပါတယ်။(ကုရ်အာန် ၂၁း၇၁) မြတ်သောနယ်မြေဆိုတာ သမိုင်းကြောင်းအရ ဂျေရုစလင်မ်လို့ ပညာရှင်တွေက ဖွင့်ဆိုထားကြပါတယ်။ အဲဒီနောက် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ် အလ္လာဟ်က တမန်တော်ကြီး အိဗ်ရာဟီမ်နဲ့ သားတော် တမန်တော်လောင်းလျာ အိစ်မာအီလ်တို့ကိုမက္ကဟ်မြို့မှာရှိတဲ့ ကမ္ဘာဦးကျောင်းတော် ကအ်ဗဟ်ရဲ့အုတ်ရိုးကိုပြန်လည်မြှင့်တင်စေခဲ့ပါတယ်။
(ကုန်အာန် ၃း၉၅-၉၆)
ဒါပေမယ့်ရှင်းရှင်းလင်းလင်းသိထားဖို့က တမန်တော်ကြီး အီဗ်ရာဟင်မ်(Abraham) ဟာ အစ္စရေးလူမျိုးမဟုတ်သလို ဂျူးဘာသာဝင်လည်းမဟုတ်၊ ခရစ်ယါန်ဘာသာဝင်လည်းမဟုတ်ခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်မှာ
အစ္စရေး လူမျိုး၊ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာတို့ မပေါ်ထွန်းသေးလို့ပါပဲ။တကယ်တော့ တမန်တော်ကြီး အီဗ်ရာဟင်မ်ဟာ
အနှိုင်းမဲ့ကိုးကွယ်ရာဖြစ်တဲ့ (Allah / God / Elah / Iswar)ကိုသာနာခံကိုးကွယ်သူ မွတ်စလင်မ်တစ်ဦးဖြစ်တယ်လို့
အနှိုင်းမဲ့ကိုးကွယ်ရာရှင်ကိုယ်တိုင်က လမ်းညွှန်ရှင်းလင်းထားပါတယ်။ ဒါကြောင့် သူဟောကြားတဲ့သာသနာဟာလည်း အစ္စလာမ်သာဖြစ်ခဲ့ပါတယ်။ (ကုရ်အာန် ၂း၁၂၄-၁၂၈)
အရဗ်နှင့်အစ္စရေး(Arab and Israel)
တမန်တော်ကြီး အီဗ်ရာဟင်မ်ရဲ့ ပထမဇနီးဖြစ်တဲ့ စာရဟ် (Sarah) သခင်မမှာသားသမီးမထွန်းကားဘဲရှိခဲ့ပါတယ်။ ဒီလိုနဲ့ ( အီဂျစ်သူ) ဒုတိယဇနီးဖြစ်တဲ့ ဟာဂရဟ်(Hegar) သခင် မကနေ အိစ်မာအီလ်(Ismael) ဖွားမြင်ခဲ့ပြီး သူကတဆင့် ကေဒါ မျိုးနွယ်၊ အဲဒီကတဆင့် အရဗ်လူမျိုးများ ပေါက်ဖွါးလာခဲ့ခြင်းပဲဖြစ်ပါတယ်။ အဲဒီလိုသားတော်ကြီးအစ္စမာအီလ်(၁၃)နှစ်သား
အရွယ်ရောက်မှ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ရဲ့ စီမံကိန်းအရ ပထမဇနီးဟာရဟ်ကနေ သားတော် အိစ်ဟါက်(Isaac)ကို ဖွားမြင်ခဲ့ပြီး သူကတစ်ဆင့်အစ္စရာအီလ်လို့ ဘွဲ့အမည်ရတဲ့ တမန်တော် ယအ်ကူဗ် (Jacob)၊ သူကနေမှ သားတော် ၁၂ပါး မွေးဖွားပြီးသူတို့တွေကတဆင့် အစ္စရေးလူမျိုးတွေ ဆင်းသက်ပေါက်ဖွားလာခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် တကယ်တော့ အာရဗ်လူမျိုးတွေနဲ့ အစ္စရေးလူမျိုးတွေဟာ အဖေတူ၊ အမေကွဲညီအစ်ကိုတွေသာဖြစ်ကြပါတယ်။ ဒီနေ့ ကမ္ဘာ့မွတ်စလင်မ်တွေအနေနဲ့ဒီလိုပဲခံယူထားကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစ္စရေးလူမျိုး၊ဂျူးဘာသာဝင် တွေကြား ထဲမှာ နိုင်ငံရေးဇီယွန်ဝါဒ(Political Zionism)ပေါ်ပေါက်လာပြီး အစွန်းရောက်မျိုးချစ်စိတ်နဲ့ တမန်တော်ကြီး
အိဗ်ဗရာဟင်(မ်)ရဲ့ ဒုတိယဇနီး ဟာဂျရဟ် သခင်မဟာ နိုင်ငံခြား အီဂျစ်သူကျွန်မဖြစ်တယ်။ ကျွန်မကနေမွေးတဲ့သား အိစ်မာအီလ်ဟာလည်းတရားဝင်သားမဟုတ်ဘူး။ ဒါကြောင့် သူကနေဆင်းသက်လာတဲ့အရဗ်တွေဟာလည်း လူရိုင်း
(Gentile) စာရင်းထဲမှာပဲပါတယ်။ နဗီတမန်တော်တို့၊ လူသားဘုရားတို့ဆိုတာအစ္စရေးလူမျိုးထဲကပဲ ပေါ်ထွန်းရမယ်။ အခြားဘယ်လူမျိုးကမှ မပေါ်ထွန်းနိုင်ဘူး။ပေါ်ထွန်းတယ်ပြောရင်လည်း လိမ်ညာမှုသာဖြစ်တယ်။ ဒါကြောင့်အရဗ်လူမျိုးက ပေါ်ထွန်းခဲ့တဲ့ နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်(ဆွ)ဟာလည်းလူလိမ်သာဖြစ်တယ် ဆိုပြီး လုပ်ကြံဇာတ်တွေ ဖန်တီး ခဲ့ကြတယ်။ ဓမ္မဟောင်း -ကျမ်းစာကိုလည်းပြင်ခဲ့ကြပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေကလည်း လက်ရှိဓမ္မဟောင်း ကျမ်းစာ အရ အဲဒီလိုပဲ ယုံကြည်ခဲ့ကြပါတယ်။
အစ္စရေးလူမျိုးတို့ တောလည်ခြင်း
တမန်တော်ယအ်ကူဗ်(Jacob)ဟာ ပါလက်စတိုင်းဒေသမှာ ပေါ်ထွန်းခဲ့တဲ့တမန်တော် တစ်ပါးဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အစ္စရေးလူမျိုးတွေပါလက်စတိုင်းဒေသကနေ အီဂျစ်ပြည် ရောက်သွားခဲ့တာလဲ။ ကုရ်အာန်ရဲ့အဖြေကတော့ တမန်တော် ယအ်ကူဗ်ရဲ့သားတော်(၁၂)ပါးအနက် တစ်ပါးဖြစ်တဲ့တမန်တော်ယူစုဖ်(Joseph)ဟာ ငယ်ရွယ်စဉ်က ဖခင်ရဲ့ ချစ်မြတ်နိုးမှုအပေါ်
ကျန်ညီအစ်ကိုတွေရဲ့ မနာလိုမှုကြောင့် ရေတွင်းပျက်ထဲစွန့်ပစ်ခံခဲ့ရပြီး ကုန်သည်တစ်စုက တွေ့ရှိကယ်တင်ပြီး အီဂျစ်ပြည်မှာ ကျွန်အဖြစ် ရောင်းချခံခဲ့ရပါတယ်။ ဒီလိုနဲ့အီဂျစ်ဝန်ကြီး တစ်ဦးရဲ့အိမ်ကိုရောက်သွားပြီး စုလိုင်ခဟ် မင်းသမီးကြောင့် ထောင်ထဲရောက်၊ ပြီးတော့အီဂျစ်ဘုရင်ကြီးရဲ့အိပ်မက်ကို အလ္လာဟ့်စွမ်းအားနဲ့ ဥာဏ်အမြော်အမြင်ကြောင့် ဖြေရှင်းပေးနိုင်
ခဲ့မှုကြောင့် နောက်ဆုံးအီဂျစ်ပြည်ကိုအုပ်ချုပ်ရတဲ့အကြီးအကဲအဖြစ်ဘုရင်က ခန့်အပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အီဂျစ်ပြည်မှာ အစ္စရေးလူမျိုးတွေဂုဏ်ရှိစွာ နေနိုင်ခဲ့ကြပေမယ့် အစ္စရေးလူမျိုး တမန်တော်မူစာ(Moses)ပေါ်ထွန်းတဲ့ခေတ်မှာ အစ္စရေး လူမျိုးတွေဟာ အီဂျစ်ဘုရင်ဖိရ်အောာင် ခေါ် ဖါရိုရဲ့ကျွန်ဘ၀ကို ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်း များစွာခံနေခဲ့ကြရပါတယ်။ ဒီ့အပြင် တမန်တော်လောင်းလျာတမန်တော်မူစာမွေးဖွားတဲ့အချိန်မှာ အီဂျစ်ဘုရင် ဖါရိုကို
ဆန့်ကျင် ပုန်ကန်မယ့်သူတစ်ဦး အစ္စရေးလူမျိုးထဲက မွေးဖွားမယ်ဆိုတဲ့ဟောကိန်းကြောင့် ဖါရိုဘုရင်က အစ္စရေးလူမျိုးထဲက မွေးဖွားလာတဲ့ သားယောက်ျားလေးတွေမှန်သမျှကိုသတ်စေပြီး သမီးမိန်းကလေးများကိုသာအရှင်ထားစေခဲ့ပါတယ်။ ဒါပေမယ့်
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ရဲ့စီမံကိန်းကိုသူမကျော်လွှားနိုင်ခဲ့ပါဘူး။ တိုတိုပြောရရင်တော့ သူ့ကိုဆန့်ကျင်မယ့်
တမန်တော် လောင်းလျာ မူစာဟာ ဖါရိုဘုရင်ရဲ့မိဖုရား အာစိယဟ် သခင်မရဲ့မေတ္တာကြောင့် ဖါရိုဘုရင်ရဲ့ မွေးစားသွားဘ၀ကို
ရောက်ရှိသွားခဲ့ပါတယ်။ ဖါရိုဘုရင်ကလည်း သူ့ကိုချစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖာရိုဘုရင်ရဲ့အရာရှိတွေက အစ္စရေးလူမျိုးတွေ အပေါ်နှိပ်စက်မှုပြုနေတော့ မူစာသခင်က ကိစ္စတစ်ခုမှာ ၀င်ထိန်းသိမ်းရင်းနဲ့လက်လွန်ပြီး အီဂျစ်အရာရှိတစ်ဦးသေဆုံး သွားခဲ့ ပါတယ်။ဒါကြောင့် မူစာသခင်က အီဂျစ်ကနေ မဒ်ယန်ဒေသကို ဟစ်ဂရသ်ပြု ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီမှာ တမန်တော် ရှုအိုင်ဗ်နဲ့တွေ့ဆုံခဲ့ပြီး သူ့သမီးတစ်ဦးနဲ့အိမ်ထောင်ကျခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ခရီးမှာ အလ္လဟ့်ထံက၀ဟီလမ်းညွှန် ရပြီး နဗီတမန်တော်တာဝန်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့ညီအစ်ကိုတောဟာရွန်ကိုလည်း တွဲဘက်အဖြစ် နဗီတမန်တော်တာဝန်ပေးအပ်ပြီး သူတို့နှစ်ဦးကို ဖါရိုဘုရင်ထံနဲ့ အီဂျစ်လူမျိုး တွေကို တရားပြုဖို့စေလွှတ်ခြင်းခံခဲ့ရပါတယ်။ ဘယ်လိုတရားပြပြ ဖာရိုဘုရင်ရဲ့နောက်လိုက်တွေဟာ မောက်မာပလွှားနေတဲ့အတွက် နောက်ဆုံးမှာအလ္လာဟ်ရဲ့လမ်းညွှန်အရ တမန်တော်မူစာဟာ အစ္စရေးလူမျိုးများကို ပင်လယ်နီကို အံ့ဖွယ်သူရဲဖြတ်သန်းပြီးကယ်တင်ခဲ့ပါတယ်။ ဖါရိုဘုရင်နဲ့နောက်လိုက်တွေဟာ အစ္စရေးတွေနောက်ကလိုက်ရင်း
ရေနစ်သေဆုံးခဲ့ကြပါတယ်။ ဖါရိုရဲ့ရုပ်အလောင်းကို နောင်လာနောင်သားတွေ သင်ခန်းစာယူနိုင်ဖို့ အလ္လာဟ်က တစ်နည်း နည်းနဲ့ ဆယ်ယူထားစေတယ်လို့ မွတ်စ်စလင်မ်တွေရဲ့ကျမ်းစာကပြဆိုထားပါတယ်။ ဒါပေမယ့်ဂျူးနဲ့ ခရစ်ယာန်တို့ရဲ့ ဓမ္မဟောင်း ကျမ်းမှာတော့ နောက်လိုက်တွေသာရေနစ်ပြီး ဖါရိုဘုရင်ရေနစ်တဲ့အထဲမှာ မပါဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့်
ရေနစ်သေခဲ့တဲ့ ဖါရိုဘုရင်ရဲ့ မံမီရုပ်အလောင်းကို (၁၉)ရာစုမျာ THEBESဂူထဲက ပြန်တွေ့ပြီးဖြစ်ပါတယ်။ ဒီရုပ်အလောင်းကို
လက်တွေ့သွားရောက်စစ်ဆေးခဲ့တဲ့ ပြင်သစ်နိုင်ငံက ခွဲစိပ်ကုပါရဂူကြီးဒေါက်တာ မောရစ်(စ်) ဘူကိုင်လ် (Maurice Bucaille) က ဒါကြောင့် ဒီကိစ္စဟာဂျူးနဲ့ ခရစ်ယာန်တို့ရဲ့ဓမ္မဟောင်းကျမ်း (Old Testament)မူရင်းရဲ့အားနည်းချက်မဟုတ်ကြောင်း၊ လူသားတွေရဲ့ ပြပြင်စွက်ဖက်မှုကြောင့်သာဖြစ်ကြောင်း၊ သူ့ရဲ့ သမ္မာကျမ်း ကုရ်အာန်နဲ့ ခေတ်သစ်သိပ္ပံ TheBible, The Qur'an and Modern Science စာအုပ်ထဲမှာ အသေးစိတ်ရှင်းပြထားပါတယ်။ အဲဒီအချိန်မှာ ခရစ်ယာန်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီကိစ္စကိုအခြေခံပြီး သူဟာ ကုရ်အာန်ကိုလေ့လာပြီးနောက်ပိုင်းမှာ အစ္စလာမ်သာသနာဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဟောာကြားချက်များကြောင့် အနောက်တိုင်းမှာ အစ္စလာမ်ထဲကို ခေတ်ပညာတတ်တွေ ၀င်ရောက်လာခဲ့ကြပါတယ်။
တမန်တော်မူစာက အစ္စရေးလူမျိုးတွေကို အီဂျစ်ရဲ့ကျွန်သဘောက်ဘ၀ကနေ ကယ်တင်ပြီးတရားပြသခဲ့ပေမယ့် အစ္စရေးတွေဟာ ကျွန်စိတ်မပျောက်ဘဲ အီဂျစ်လူမျိုးတွေလိုပဲ ရွှေနွားရုပ်လေးသွန်းလုပ်ကိုးကွယ်ခဲ့ကြတယ်။
အရက်သေစာမူးယစ်ပြီး အလ္လာဟ်ရဲ့လမ်းညွှန်နဲ့ တမန်တော်မူစာနဲ့တမန်တော်ဟာရွန်တို့ကို ဆန့်ကျင်သွေဖည်ခဲ့ကြလို့ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က အစ္စရေးလူမျိုးတွေကို ဆိုင်းနိုင်းသဲကန္တာရထဲမှာ နှစ်ပေါင်း(၄၀)ပစ်ထားပြီး တောလည်စေခဲ့ပါတယ်။ မွတ်စလင်မ်တွေလည်း အလ္လာဟ်ရဲ့လမ်းညွှန်ကုရ်အာန်နဲ့ တမန်တော်မြတ်ရဲ့ သွန်သင်ချက်တွေကို မျက်ကွယ်ပြုရင် အလားတူပြစ်ဒဏ်မျိုးကိုမြို့ပေါ်မှာတောင်ခံရမှာဖြစ်ကြောင်း သင်ခန်းစာယူသင့်ပါတယ်။
အစ္စရေးတို့၏ရွှေခေတ် (Golden Age of Israel)
ကျွန်စိတ်မဖျောက်နိုင်တဲ့ အစ္စရေးမျိုးဆက်တစ်ဆက်ဖြစ်တဲ့ နှစ်ပေါင်း (၄၀)တောလည်ပြီးတဲ့နောက် အလ္လာဟ်ကသူတို့ထဲမှာ ယောရှု(Joshua)၊ အဲဒီနောက် တမန်တော်ဒါဝူဒ်(David)တို့ ပေါ်ပေါက်လာပြီး မျိုးဆက်သစ်ထူထောင်စေခဲ့ပါတယ်။
တမန်တော်ဒါဝူဒ်ခေတ်မှာ ဂျေရုစလင်မ်မြို့တော် စည်ပင်ဖွံ့ဖြိုးလာခဲ့ပါတယ်။အဲဒီနောက် သူ့ရဲ့သားတော် တမန်တော် စူလိုင်မါန် (Solomon) ဂျေရုစလင်မ်မှာဝတ်ကျောင်းတော် (Temple of Solomon) တည်ဆောက်ခဲ့ပြီး သူ့ရဲ့ခေတ်ဟာ အစ္စရေးလူမျိုးတွေ အတွက်တော့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ BC ၉၃၅ခုနှစ်မှာ တမန်တော် စုလိုင်မါန်ဘုရင်ကြီး ကွယ်လွန်ပြီးတဲ့နောက်
ဂျူးလူမျိုးတွေအကြားမှာ (မြောက်ပိုင်း)အစ္စရေးနဲ့ တောင်ပိုင်း(ဂျူဒါ)ဆိုပြီး နှစ်ပိုင်းကွဲခဲ့ကြပါတယ်။ အီဂျစ် တို့ကလည်း
ဝင်ရောက်တိုက်ခိုက်ကြပါသေးတယ်။ ဘီစီ ၇၂၂ခုနှစ်မှာ အဆီးရီးယန်းတို့က ဂျူးတွေရဲ့မြောက်ပိုင်းဒေသကို သိမ်းယူခဲ့ကြပြီး ဂျူးတွေသတ်ခံရခြင်း၊ သုံပန်းအဖြစ်ခေါ်ဆောင်သွားခံရခြင်းတို့ကြောင့် မြောက်ပိုင်းဂျူးတွေဟာ နိုင်ငံမဲ့များအဖြစ်
တစ်စစ ပျောက်ကွယ်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ဂျေရုစလင်မ်မြို့ရှိတဲ့ တောင်ပိုင်းကတော့ ဆက်လက်တည်ရှိနေခဲ့ပါတယ်။
ဂျေရုစလင်မ်မြို့ နှစ်ကြိမ်ဖျက်ခံခဲ့ရခြင်း
နောက်ပိုင်းမှာ ဂျူးတို့ဟာ အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ထုန်ပြန်ပို့ချပေးခဲ့တဲ့ လမ်းညွှန်ကျမ်းတွေကိုပြုပြင်ခဲ့ကြပြီး
အမှန်တရားကနေ သွေဖည်ဖေါက်ပြန်လာခဲ့ကြပါတယ်။ သူတို့ရဲ့ပြစ်မှုတွေကြောင့် ပြစ်ဒဏ်နှစ်ကြိမ် ကျရောက်မည်ဖြစ်ကြောင်း၊ ပြုပြင်ရင်ကရုဏာတော်ရမယ်၊မပြုပြင်က ပြစ်ဒဏ်ရမယ်လို့ အလ္လာဟ်က ဖေါ်ညွှန်းထားပါတယ်။ (ကုရ်အာန် ၁၇း၎-၈)
ပထမအကြိမ်ကတော့ အီဂျစ်နဲ့အဆီးရီးယန်းတို့ တိုက်ပြီးတဲ့နောက် ဘီစီ ၅၈၇ခုနှစ်မှာ ဘေဘီလုံးတို့က ဂျေရုစလင်မ်မြို့ကို တိုက်ခိုက်သိမ်းယူပြီး မြို့ကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ဂျူးများစွာလည်း သတ်ခံခဲ့ရပါသေးတယ်။ တမန်တော်စုလိုင်မာန်ဘုရင်တည်ဆောက်ခဲ့တဲ့ဝတ်ကျောင်းတော်လည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီ့အပြင် ဂျူးတွေကို
ဘေဘီလုံး သို့ ကျွန်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားခြင်းကြောင့် ပထမအစ္စရေးပြည် ပျက်သုဉ်းခဲ့ရပါတယ်။ ဒါပေမဲ့ ဘီစီ၅၃၇ ခုနှစ်မှာ ပါရှန်းတွေကဘေဘီလုံးကိုသိမ်းပိုက်ခဲ့ပြီး ဂျူးသုံ့ပန်းတွေကို နောက်တစ်နှစ်မှာ ဂျုဒါ(ဂျေရုစလင်မ်) ကိုပြန်ခွင့်ပေးခဲ့ပြီး ၀တ်ကျောင်းတော်ကိုလည်း ပြန်လည်တည်ဆောက်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်ဂျူးအချို့ကတော့ မပြန်ဘဲဘေဘီလုံး မှာပဲ နေခဲ့ကြပါတယ်။ အဲဒီနောက် ဂျေရုစလင်မ်ကို ဂရိ(ခေါမ)တွေနဲ့နဗတိယန်(Nabatean)တွေက သိမ်းပိုက်ခဲ့ကြပါသေးတယ်။
အဲဒီနောက် ဂျူးလူတွေဟာ အလ္လာဟ်စေလွှတ်တဲ့ တမန်တော်အချို့ကို သတ်ဖြတ်ခြင်း၊သတ်ဖို့ကြံစည်ခြင်း တို့ကိုပြုလုပ်ခဲ့ကြ ပါသေးတယ်။ ဥပမာ-တမန်တော်ဇကရိယာနဲ့ သူ့ရဲ့ သားတော် တမန်တော်ယဟ်ယါ(John the Baptist)တို့ကို သတ်ဖြတ်ခြင်း၊
တမန်တော်အီစာခေါ်ယေရှုခရစ်တော်ကိုလည်း လက်ဝါးကပ်တိုင်ပေါ်တင်ပြီး သတ်ဖို့ကြိုးစား ခဲ့ကြပါသေးတယ်။ (ကုရ်အာန် ၂း၆၁၊ ၄း၁၅၇)။ ဒီလိုနဲ့ ရောမတွေဟာ အေဒီ၇၀ခုနှစ်မှာ ဂျေရုစလင်မ်မြို့ကိုသိမ်းပိုက်ဖျက်ဆီးခဲ့ကြပါတယ်။ ဂျူးတွေကိုလည်း သုံ့ပန်းအဖြစ်ခေါ်ဆောာင်သွားခဲ့ကြပါတယ်။ ၀တ် ကျောင်းတော်ကိုလည်းတစ်စစီဖျက်ဆီးခဲ့ကြပါတယ်း (ကုရ်အာန် ၁၇း၎-၇၊ ၇း၁၄၅)။
အခုရှိနေတဲ့အနောက်ဘက်နံရံ(Wailing Wall)ဟာ အဖျက်ဆီးခံကျောင်းတော်ရဲ့အကြွင်းအကျန်ဖြစ်ပါ တယ်။ ဂျူးတစ်စုက
ရောမကိုခုခံတော်လှန်ခဲ့ကြပေမယ့် အေဒီ ၁၃၂ခုနှစ်မှာ ရောမတို့က အပြတ်နှိမ်နင်းခဲ့ပြီး ဂျူးတွေကို ပါလက်စတိုင်းကနေ မောင်းထုတ်ခဲ့ကြပါတယ်။ရောမတွေဟာ အေဒီ ၆၃၆အထိ သိမ်းပိုက်ထားခဲ့ကြပါတယ်။အင်ရှာအလ္လာဟ်၊ လာမယ့်အပတ်မှာ ယေရှုခရစ်တော်နှင့် ဂျေရုစလင်မ်၊ခရစ်ယာန်သာသနာနှင့် ဂျေရုစလင်မ်၊ အစ္စလာမ်သာသနာနဲ့ ဂျေရုစလင်မ်စတဲ့
သမိုင်းပိုင်းဆိုင်ရာ အချက် အလက်များကို ဆက်လက်တင်ပြပေးပါ့မယ်။
0 comments:
Post a Comment